သီရိလင်္ကာနိုင်ငံ ကို ယခင်က စီလုံ (Ceylon) သို့မဟုတ် မြန်မာအခေါ်အားဖြင့် သီဟိုဠ်ကျွန်း ဟု လူသိများပြီး တရားဝင်အားဖြင့် သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဖြစ်ပါတယ်။ ဤကျွန်းနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလားပင်လယ်အော်၏ အနောက်တောင်ပိုင်းနှင့် အာရေဗျပင်လယ်၏ အရှေ့တောင်ဘက်တွင် တည်ရှိပါတယ်။ အိန္ဒိယနှင့် မော်လဒိုက်တို့နှင့် ရေကြောင်းနယ်နိမိတ်ချင်း ထိစပ်နေပါတယ်။
၂၀၂၀ ပြည့်နှစ် စာရင်းများအရ သီရိလင်္ကာတွင် လူဦးရေ ၂၂ သန်းဝန်းကျင်ရှိပြီး မတူကွဲပြားသော ယဉ်ကျေးမှုများ၊ ဘာသာစကားများနှင့် လူမျိုးစုများ နေထိုင်ကြပါတယ်။ ဆင်ဟာလီလူမျိုးများ သည် နိုင်ငံလူဦးရေ၏ အများစုဖြစ်ပြီး လူနည်းစုကြီးဖြစ်သည့် တမီးလ်လူမျိုးများ က ကျွန်း၏သမိုင်းတွင် ဩဇာကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ ကိုလံဘို သည် ၎င်း၏အကြီးဆုံးမြို့နှင့် စီးပွားရေးမြို့တော် ဖြစ်ပါတယ်။
သီရိလင်္ကာတွင် ဗုဒ္ဓဘာသာ သည် လူဦးရေ ၇၀.၂% ဖြင့် အကြီးဆုံးဘာသာဖြစ်ပါတယ်။ ဒုတိယအကြီးဆုံးဘာသာမှာ ဟိန္ဒူဘာသာ (၁၂.၆%) ဖြစ်ပြီး တတိယအကြီးဆုံးမှာ အစ္စလာမ်ဘာသာ (၉.၇%) ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာ ကို ၇.၄% က ကိုးကွယ်ကြပါတယ်။ ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာလည်း ဖြစ်ပါတယ်။
ဗုဒ္ဓစာပေကျမ်းဂန်တို့၌ လင်္ကာဒီပ ဟု ထင်ရှားခဲ့သည့် သီဟိုဠ်ကျွန်းသည် ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ဗုဒ္ဓအယူဝါဒ ထွန်းကားရာ ကျွန်းတစ်ကျွန်း ဖြစ်လာခဲ့ပါတယ်။ မဟာဝံသ၊ ဒီပဝံသ အစရှိသော ရှေးမှတ်တမ်းများဖြင့် ကျွန်းနိုင်ငံ၏ သမိုင်းများကို ထိန်းသိမ်းလာခဲ့ကြပါတယ်။
သီဟိုဠ်ကျွန်းသည် ကမ္ဘာအဆက်ဆက်ကပင် တည်ရှိခဲ့ရာ ကကုသန်ဘုရားရှင်လက်ထက်တွင် ဩဇာဒီပ၊ ကောဏဂုံဘုရားရှင်လက်ထက်တွင် ဝရဒီပ၊ ကဿပဘုရားရှင်လက်ထက်တွင် မဏ္ဍဒီပ၊ ဂေါတမဘုရားရှင်လက်ထက်တွင် လင်္ကာဒီပ ဟု အမည်အမျိုးမျိုး ခေါ်တွင်ခဲ့ပါတယ်။
သီရိလင်္ကာကျွန်းသည် အိန္ဒိယကျွန်းဆွယ် တောင်ဘက်စွန်း၏ တောင်ဘက် အရှေ့ခပ်ယွန်းယွန်း၌ တည်ရှိပါတယ်။ ၅၅ မိုင်ကျယ်သော ပေါ့ကရေလက်ကြား သည် အိန္ဒိယကျွန်းဆွယ်တောင်ဘက်စွန်းနှင့် သီဟိုဠ်ကျွန်းကို ပိုင်းခြားထားပါတယ်။ ကျွန်းသည် မြောက်မှတောင်သို့ ၂၇၁ မိုင် ရှည်လျားပြီး အကျယ်ဆုံးနေရာတွင် ၁၃၇ မိုင်ရှိကာ စုစုပေါင်း ဧရိယာသည် ၂၄,၉၅၉ စတုရန်းမိုင် ဖြစ်ပါတယ်။
ကျွန်း၏ ပုံသဏ္ဌာန်သည် သစ်သော့သီး သို့မဟုတ် ဘူးသီးရှည်ပုံနှင့် ဆင်တူပြီး အောက်ကား၍ အပေါ်ရှူးပါတယ်။ ကျောက်ဆောင်ကျောက်တောင် ကျောက်မြေတို့ဖြင့် ဖွဲ့စည်းထားသော ကျွန်း၏ မြေမျက်နှာပြင်သည် ကုန်းပြင်မြင့်ဆန်ပြီး ယွန်းဆွမ်းအုပ်ကဲ့သို့ အလယ်တွင် မို့မောက်သော တောင်ရိုးတောင်တန်းများရှိကာ ဘေးပတ်လည်တွင် မြေပြင်အဆင့်ဆင့် နိမ့်လျှော ဆင်းသွားပါတယ်။ တောင်ထွတ်များသည် ပေ ၇၀၀၀ မှ ၈၀၀၀ ကျော်အထိရှိပြီး အမြင့်ဆုံးတောင်ထွတ်မှာ ပီဒူရုတာလာဂါလ (Pidurutalagala) ဖြစ်ကာ ၈,၂၉၁ ပေ မြင့်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့က စေတီပါဒ ဟုခေါ်ဆိုကြသော အာဒမ်တောင်ထွတ် (Adam’s Peak) သည် ၇,၃၆၅ ပေ မြင့်ပြီး ဂေါတမမြတ်စွာဘုရား၏ ခြေတော်ရာရှိရာ တောင်အဖြစ် လေးစားကြပါတယ်။ အာရပ်လူမျိုးတို့ကမူ ထိုခြေတော်ရာကို အာဒမ်၏ ခြေရာဟု ဆိုကြပါတယ်။
တောင်ထူထပ်သောအပိုင်း၏ အရှေ့၊ တောင်နှင့် အနောက်ဘက်ပိုင်းသည် ကျဉ်းမြောင်းသော မြေနိမ့်ကမ်းမြောင်ဒေသဖြစ်ပြီး မြောက်ဘက်ပိုင်းရှိ ကျယ်ပြန့်သော မြေနိမ့်မြေပြန့်ဒေသသည် ကျွန်း၏ အရှေ့ဘက်နှင့် အနောက်ဘက် ပင်လယ်ကမ်းရိုးတန်းအထိ ဖြန့်ကားပါတယ်။ အလယ်ပိုင်းတောင်ကုန်းဒေသများမှ မြစ်ချောင်းများသည် အရပ်ရပ်သို့ စီးဆင်းကြပါတယ်။ မဟာဝေလိဂင်္ဂါ၊ ကလျာဏီဂင်္ဂါ စသောမြစ်တို့သည် ရေစီးသန်သဖြင့် ကူးသန်းသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် အရာမရောက်လှပါဘူး။
သီဟိုဠ်ကျွန်းသည် အီကွေတာနှင့် နီးကပ်နေသော်လည်း ရေဝန်းရံထားခြင်းကြောင့် မျှတသော ရာသီဥတုရှိပါတယ်။ အနောက်တောင်ရာသီလေ တိုက်ခိုက်သော ဇွန်လမှ အောက်တိုဘာလအတွင်း အနောက်တောင်ဘက်ပိုင်း မြေနိမ့်ဒေသတွင် ပျမ်းမျှမိုးရေချိန် ၇၅ လက်မရရှိပြီး တောင်ကုန်းဒေသများတွင် လက်မ ၂၀၀ ကျော်ရရှိပါတယ်။ မြောက်ပိုင်းလွင်ပြင်ဒေသများနှင့် အရှေ့တောင်ဘက်စွန်းတွင် အရှေ့မြောက်ရာသီလေ တိုက်ခိုက်သည့် ဆောင်းရာသီအတွင်း မိုးရွာသွန်းပြီး အများဆုံးမိုးရေချိန်သည် ၇၅ လက်မအောက် နည်းကာ အချို့ဒေသများတွင် ၅၀ လက်မခန့်သာ ရရှိပါတယ်။
သီရိလင်္ကာတွင် မိုးပါးသောရာသီနှင့် မိုးများသောရာသီမှတစ်ပါး ချမ်းအေးသော ဆောင်းရာသီဟု ဆိုရလောက်အောင် ရာသီဥတုကွာခြားချက်မရှိပါဘူး။ အပူချိန် ကွာခြားချက်သည် ဖာရင်ဟိုက် ၃-၄ ဒီဂရီခန့်သာဖြစ်ပြီး ပျမ်းမျှ အပူချိန်သည် ဖာရင်ဟိုက် ၈၄ ဒီဂရီခန့် ဖြစ်ပါတယ်။ မြောက်ဘက်အစွန်းဆုံးဒေသများသည် မိုးအပါးဆုံးဖြစ်ပြီး တစ်နှစ်လျှင် နှစ်လခန့် မိုးပြတ်နေတတ်သဖြင့် ဆည်မြောင်းများဖြင့် ရေသွယ်စိုက်ပျိုးခြင်းကို လုပ်ကိုင်ကြရပါတယ်။
မိုးမပြတ်လှသဖြင့် သရက်၊ ပိန္နဲ၊ နာနတ် စသည်တို့ကို အစဉ်မပြတ် ရရှိနိုင်ပါတယ်။ လူဦးရေအများစုသည် လယ်ယာလုပ်ကိုင်ကြသော်လည်း သင့်တင့်သော မြေပြန့်နည်းပါးခြင်း၊ ကျောက်မြေများပြားခြင်း၊ အချို့ဒေသများတွင် မိုးကိုလိုသလောက် မရရှိခြင်းတို့ကြောင့် ဆန်စပါးကို နိုင်ငံတွင်းစားသုံးရန်ပင် လုံလုံလောက်လောက် မရရှိဘဲ နိုင်ငံခြား၊ အထူးသဖြင့် မြန်မာနိုင်ငံမှ တင်သွင်းရပါတယ်။ တောင်စောင်း တောင်ခါးပန်းများ၌ လှေကားထစ်စိုက်ပျိုးခင်းများ ပြုလုပ်၍ စပါးစိုက်ပျိုးကြပြီး ကျောက်မြေများတွင် စိုက်ပျိုးရသဖြင့် ဆန်နီများသာ ထွက်ရှိပါတယ်။
သီရိလင်္ကာ၏ အခြေခံစီးပွားရေးမှာ လက်ဖက်၊ ကြက်ပေါင်စေး၊ အုန်းသီး၊ အုန်းဆံ စသည့် အုန်းထွက်ပစ္စည်းတို့ ဖြစ်ကြပါတယ်။ အုန်းပင်အုန်းတောများသည် ကမ်းရိုးတန်းတစ်လျှောက် နေရာမရွေး များပြားစွာ ပေါက်ရောက်ပါတယ်။ လက်ဖက်ခြံ၊ ရာဗာ (ကြက်ပေါင်စေး) ခြံ၊ ကိုကိုးခြံ၊ ကော်ဖီခြံများကို မြေပြင်မှ အမြင့်ပေ ၂၀၀၀ ကျော်သော တောင်စောင်းဆင်ခြေလျှောနှင့် ကုန်းမြင့်ပိုင်းတို့တွင် တွေ့ရပါတယ်။ သီရိလင်္ကာ၏ ထွက်ကုန် ၉၅ ရာခိုင်နှုန်းသည် လက်ဖက်ခြောက်၊ ရာဗာနှင့် အုန်းထွက်ပစ္စည်းများဖြစ်ကြပြီး သစ်ကြံပိုး၊ ကိုကိုး၊ ကော်ဖီ၊ စပါးလင်မွှေးနှင့် ဆေးရွက်တို့ကိုလည်း အတော်အသင့်များပြားစွာ စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။
ကျောက်မြေများပြားခြင်းကြောင့် သစ်တောဝါးတောများသည် ကျွန်း၏ ဧရိယာ ၁၇ ရာခိုင်နှုန်းမျှသာရှိပါတယ်။ အဖိုးတန်သစ်ဟူ၍ ပျဉ်းကတိုး၊ သင်းကနက်၊ မဟော်ဂနီတို့သာ ထွက်ပြီး သစ်ကြီးဝါးကြီး ရှားပါးပါတယ်။ ထို့ကြောင့် ပိန္နဲသား၊ မယ်ဇလီသားတို့ကို အသုံးများကြပါတယ်။ ပိန္နဲသားသာမက အသီးကိုလည်း ဆန်အစား ခုစားကြရ၍ ပိန္နဲပင်များကို အလွယ်တကူ ခုတ်လှဲခြင်း မပြုရပါဘူး။
ကုန်းမြင့်သစ်တောများအတွင်း တိရစ္ဆာန်အမျိုးမျိုးကို တွေ့ရပြီး ဆင်ပေါများသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ မြ၊ ပတ္တမြား၊ ကြောင်၊ ဆီးကျောက် စသော ကျောက်မျက်ရတနာများလည်း ပေါကြွယ်ဝပြီး ဂဝံကျောက်အကောင်းစားများ၊ ရွှေနှင့် နိုင်ငံတွင်းသုံးလုံလောက်သော သံရိုင်းများလည်း ထွက်ရှိပါတယ်။ ကမ်းရိုးတန်းတစ်လျှောက်မှ ပုလဲများကိုလည်း ငုတ်ယူရရှိပါတယ်။
အာရှတိုက်တွင် သီရိလင်္ကာကျွန်းသည် စာတတ်သူ ဦးရေ ရာခိုင်နှုန်း အမြင့်ဆုံး (၆၅%) နိုင်ငံများထဲမှ တစ်ခုဖြစ်ပါတယ်။ သူငယ်တန်းမှ တက္ကသိုလ်အသက်မွေးဝမ်းကြောင်း ပညာရေးအထိ အခမဲ့ ပညာရေးစနစ်ရှိပြီး တက္ကသိုလ်သုံးခုရှိကာ တစ်နိုင်ငံလုံးတွင် စာသင်ကျောင်းပေါင်း ၆၀၀၀ ကျော်ရှိပါတယ်။ ဗြိတိသျှတို့ လက်ထက်မှစ၍ အင်္ဂလိပ်စာသည် ရုံးသုံးဘာသာဖြစ်ခဲ့ရာ ၁၉၅၇ ခုနှစ်တွင် သီဟိုဠ်ဘာသာ ကို ရုံးသုံးပြုလုပ်ခဲ့ပါတယ်။ သို့သော် တမီးလ်လူမျိုးတို့က ကန့်ကွက်သဖြင့် တမီးလ်ဘာသာ ကိုလည်း အသုံးပြုခွင့်ပေးခဲ့ရပါတယ်။
၁၉၆၈ ခုနှစ် ခန့်မှန်းသန်းခေါင်စာရင်းအရ လူဦးရေ ၁၁,၉၉၂,၀၀၀ ယောက်ရှိပြီး လေးပုံ သုံးပုံသည် တောနယ်များတွင် နေထိုင်ကာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ အနောက်ဘက်နှင့် တောင်ဘက်ပိုင်းသည် မြောက်ဘက်နှင့် အရှေ့ဘက် မြေနိမ့်ပိုင်းများထက် ပိုမိုလူဦးရေထူထပ်ပါတယ်။ မြောက်ဘက် မြေနိမ့်ပိုင်းသည် ရှေးနှစ်ပေါင်း ၁၀၀၀ ကျော်ခန့်က မင်းနေပြည်တော်များ တည်ရှိခဲ့သော ဒေသဖြစ်ပြီး လူနေမှုအဆင့်အတန်းမြင့်မားကာ စည်ပင်ထွန်းကားခဲ့ပါတယ်။ ယခုအခါ ကန်ဆည်တူးမြောင်းများဖြင့် စိုက်ပျိုးရေး ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ကာ ပြန်လည်စည်ပင်ထွန်းကားရန် ကြိုးစားလျက်ရှိပါတယ်။
လွတ်လပ်သော နိုင်ငံတစ်ခု ဖြစ်လာပြီးနောက်ပိုင်း စက်မှုလုပ်ငန်းများလည်း တိုးတက်လာပြီး စက်ရုံအလုပ်ရုံများ တိုးတက်များပြားလာပါတယ်။ လက်ရှိအောင်မြင်လျက်ရှိသော စက်မှုလုပ်ငန်းများမှာ ဖန်ထည်ကြွေထည်လုပ်ငန်း၊ သားရေလုပ်ငန်း၊ စက္ကူလုပ်ငန်း၊ ရာဗာလုပ်ငန်းနှင့် သုံးထပ်သားလုပ်ငန်းတို့ ဖြစ်ပါတယ်။
သီရိလင်္ကာကျွန်းသည် သေးငယ်သော်လည်း ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ကူးသန်းသွားလာသော ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်ရပ်နား၍ ရိက္ခာဖြည့်တင်းရန် အချက်အချာကျသော စခန်းဖြစ်ပါတယ်။ ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်ရပ်နားရန်နှင့် ကုန်သွယ်စီးပွားရေးအတွက် အရေးပါသော သင်္ဘောဆိပ်မြို့ကြီးများမှာ ကိုလံဘို၊ ထရင်ကိုမလီ၊ ဂါလေ စသော မြို့ကြီးများဖြစ်ကြပါတယ်။ ကိုလံဘိုမြို့သည် သီရိလင်္ကာကျွန်း၏ မြို့တော်လည်းဖြစ်ပြီး အာရှတိုက်တွင် အထင်ရှားအကျော်ကြားဆုံးသော သင်္ဘောဆိပ်မြို့ကြီးများထဲမှ တစ်ခုလည်းဖြစ်ပါတယ်။ ကုန်းဘက်ကျသော ကန္ဒီ နှင့် ဂျက်ဖနာ မြို့တို့သည်လည်း အရောင်းအဝယ်စည်ကားသော မြို့ကြီးများ ဖြစ်ကြပါတယ်။ တောင်ကုန်းဒေသရှိ ကန္ဒီမြို့သည် သီဟိုဠ်မင်းတို့၏ နောက်ဆုံး နေပြည်တော်ဖြစ်၍ ကိုလံဘိုနှင့် ၇၄ မိုင်မျှသာ ဝေးကွာပါတယ်။
သီဟိုဠ်မင်းများ လက်ထက်က ဗုဒ္ဓအယူဝါဒကို အလွန်ချီးမြှင့်မြှောက်စားခဲ့ပြီး ဗုဒ္ဓသာသနိက အဆောက်အအုံများလည်း များပြားလှပါတယ်။ သီရိလင်္ကာ၏ ရှေးဦးသမိုင်းသည် ဒဏ္ဍာရီပုံပြင်ဆန်သော်လည်း ဝိဇယမင်းသားသည် သီဟိုဠ်ကျွန်းကို လူနေနိုင်ငံအဖြစ် ထူထောင်ပြီးနောက် ရာဇရတနာမြို့ကို မင်းနေပြည်အဖြစ် စိုးစံခဲ့ပါတယ်။ နောင်အခါ အနုရာဓပူရမြို့ သည် မင်းနေပြည်ဖြစ်လာပြီး အလွန်ထင်ရှားကျော်ကြားခဲ့ပါတယ်။ ဘီစီ ၂၅၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ မဂဓပြည့်ရှင် သီရိဓမ္မာသောကမင်းကြီး၏ သားတော် ရှင်မဟိန္ဒရဟန္တာ အရှင်မြတ် သီဟိုဠ်ကျွန်းသို့ သာသနာပြုကြွရောက်လာခြင်းသည် သီရိလင်္ကာသမိုင်း၌ အထင်ရှားဆုံး အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်။
အနုရာဓမြို့တော် ထွန်းကားသည့်ခေတ်သည် ခရစ် ၁၀ ရာစုနှစ်တိုင်အောင် အဓွန့်ရှည်ကြာစွာ တည်တံ့ခဲ့ပါတယ်။ သီရိလင်္ကာကျွန်းသည် အခြားအရှေ့တိုင်းနိုင်ငံများနှင့် မတူထူးခြားချက်မှာ မဟာဝံသ (Mahawamsa) ခေါ် ရှေးသမိုင်းမှတ်တမ်းများရှိခဲ့ခြင်းဖြစ်ပါတယ်။ ခရစ် ၅ ရာစုနှစ်တွင် ဂရိ၊ ရောမ၊ အာရပ်၊ အီဂျစ်နှင့် တရုတ်နိုင်ငံတို့သည် အနုရာဓမြို့တော်ကြီးကို အကြောင်းပြု၍ သီဟိုဠ်အကြောင်းကို သိရှိနေကြပြီ ဖြစ်ပါတယ်။
၁၀ ရာစုနှစ်ကုန်ဆုံးခါနီးတွင် အိန္ဒိယတောင်ပိုင်းမှ စောဠမင်းတို့ သည် သီဟိုဠ်ကျွန်းသို့ လာရောက်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် အနုရာဓမြို့တော်ကြီးကို ဖျက်ဆီးကာ ပေါဠဏရုဝ မြို့တော်သစ်ကို တည်ထောင်ခဲ့ပါတယ်။ ပေါဠဏရုဝမြို့တော်ကြီး ထွန်းကားသည့်ခေတ်တွင် အထင်ရှားဆုံးသော မင်းသည် ခရစ် ၁၁၅၃ ခုနှစ်မှ ၁၁၈၆ ခုနှစ်အတွင်း စိုးစံသော ပထမမြောက် (မဟာ) ပရက္ကမဗာဟုမင်း ဖြစ်ပြီး နိုင်ငံကို ပြန်လည်စုစည်းပြီး ခိုင်ခံ့စွာ အုပ်ချုပ်ခဲ့ပါတယ်။
၁၃ ရာစုနှစ်တွင် တမီးလ်ကျေးကုလားတို့ ထပ်မံလာရောက် တိုက်ခိုက်ခြင်းကြောင့် ပေါဠဏရုဝမြို့တော်ကြီး ပျက်စီးရပြန်ပါတယ်။ ထိုနောက်ပိုင်းတွင် ဘုန်းလက်ရုံးပြည့်စုံသော မင်းများ မပေါ်ပေါက်တော့ဘဲ အနုရာဓ၊ ပေါဠဏရုဝတို့ကဲ့သို့ ထင်ပေါ်ကျော်ကြားသော မြို့ကြီးများလည်း မထွန်းကားနိုင်တော့ပါဘူး။ သီဟိုဠ်မင်းတို့သည် နေပြည်တော်ကို တစ်မြို့ပြီးတစ်မြို့ ရွှေ့ပြောင်းခဲ့ရာ မင်းနေပြည်တော်များသည် အနောက်ဘက် ကမ်းရိုးတန်းဘက်သို့ တဖြည်းဖြည်း နီးကပ်သွားခဲ့ပါတယ်။
၁၅၀၅ ခုနှစ်တွင် ပေါ်တူဂီများ သည် သီဟိုဠ်ကျွန်းသို့ ရောက်လာပြီး ပြည်ထောင်များကို တဖြည်းဖြည်း သိမ်းသွင်းခဲ့ရာ ကန္ဒီမှတစ်ပါး အခြားပြည်ထောင်များ ပေါ်တူဂီတို့ လက်အောက်သို့ ကျရောက်ခဲ့ပါတယ်။ ပေါ်တူဂီတို့သည် မိမိတို့၏ ယဉ်ကျေးမှုနှင့် ခရစ်ယာန်အယူဝါဒကိုပါ သီဟိုဠ်ကျွန်းသို့ ပျံ့နှံ့စေခဲ့ပါတယ်။
ပေါ်တူဂီတို့အား ၁၆၅၆ ခုနှစ်တွင် ဒတ်ချ်များ က ကိုလံဘိုမြို့ကို သိမ်းယူပြီး နိုင်ငံ၏ အုပ်ချုပ်ရေး၊ ကုန်သွယ်စီးပွားရေးတို့ကို မြဲမြံခိုင်ခံ့အောင် ဆောင်ရွက်ခဲ့ပါတယ်။ ထို့နောက် ဒတ်ချ်တို့ကို ဗြိတိသျှတို့ က ၁၇၉၆ ခုနှစ်တွင် တိုက်ထုတ်ခဲ့ပြီး သီဟိုဠ်ကျွန်းသည် ဗြိတိသျှလက်အောက်သို့ ကျရောက်ခဲ့ပါတယ်။ ဗြိတိသျှတို့သည် သီဟိုဠ်ကျွန်းတွင် ကော်ဖီပင်၊ လက်ဖက်ပင်၊ ရာဗာပင်တို့ကို စတင်စိုက်ပျိုး၍ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့၏ အာရှအရှေ့တောင်ပိုင်းစစ်ဌာနချုပ်ကို သီဟိုဠ်ကျွန်းတွင် ဖွင့်လှစ်ထားခဲ့ပြီး စစ်ပြီးဆုံးပြီးနောက် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဗြိတိသျှအစိုးရက သီဟိုဠ်ကျွန်းကို ဗြိတိသျှဓနသဟာယအဖွဲ့ဝင် ဒိုမီနီယံနိုင်ငံ တစ်ခုအဖြစ် တိုးတက်သတ်မှတ်ပေးခဲ့ပါတယ်။ သီဟိုဠ်ကျွန်း၏ အုပ်ချုပ်ရေးစနစ်သည် ပါလီမန်ဒီမိုကရေစီစနစ် ဖြစ်ပြီး အထက်၊ အောက်လွှတ်တော် နှစ်ရပ် ပါဝင်ပါတယ်။
၁၉၇၂ ခုနှစ် မေလ ၂၂ ရက်နေ့တွင် သီဟိုဠ်နိုင်ငံကို သမ္မတနိုင်ငံအဖြစ် ကြေညာခဲ့ပြီးနောက် နိုင်ငံ၏အမည်ကိုလည်း သီရိလင်္ကာသမ္မတနိုင်ငံ ဟု ပြောင်းလဲခဲ့ပါတယ်။ ထို့နောက် ချန်ဒရီကာ ဗန္ဓရာနိုက်ကေး ကူမာရာတွန်ဂါ (Chandrika Bandaranaike Kumaratunga) သည် သမ္မတဖြစ်လာခဲ့ပါတယ်။ သီရိလင်္ကာသည် ဒုတိယကမ္ဘာစစ်ပြီးခေတ်တွင် အာရှတိုက်အရေး၌ အရေးပါအရာရောက်သော နိုင်ငံတစ်ခုဖြစ်လာပြီး ကြားနေဝါဒကို တည့်မတ်စွာ ကျင့်သုံးခဲ့ပါတယ်။ ၁၉၅၀ ပြည့်နှစ်တွင် ကိုလံဘိုမြို့၌ တည်ထောင်သော ကိုလံဘိုစီမံကိန်း ကို ပေါက်ဖွားပေးသည့် ဓနသဟာယအဖွဲ့ဝင်နိုင်ငံများတွင် သီရိလင်္ကာသည် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။