Soe San Myint Travel & Tours

ဘူတန်ဘုရင့်နိုင်ငံ (Kingdom of Bhutan)

ခရီးသွားခြင်းဆိုင်ရာ ဆောင်းပါး
Soe San Myint Travel & Tours
25 Jul, 2025

ဘူတန်ဘုရင့်နိုင်ငံ (Kingdom of Bhutan)

❖ Land of Happiness လို့လူသိများတဲ့ ဟိမဝန္တာတောင်တန်းတွေကြားက ဘူတန်နိုင်ငံလေးဟာ ကမ္ဘာမှာ အငြိမ်းချမ်းဆုံး နိုင်ငံဖြစ်ပါတယ်။ ဟိမဝန္တာတောင်တန်းတွေကြားမှာ ထူးခြားစွာ တည်ရှိနေတဲ့အတွက် အံ့ဩဖွယ်နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံးတောင်တန်းကြီးတွေ ဝန်းရံထားတဲ့အတွက်ကြောင့် ဒီမြေ ဒီရေဟာ သဘာဝဘေးဒဏ်မသင့်တဲ့နေရာဖြစ်သလို ကမ္ဘာပျက်ရင်တောင် (မဟာဗောဓိဒေသနှင့်အတူ) နောက်ဆုံးကျန်လိုက်မယ့်နေရာလို့ ဆိုပါတယ်။

ဘူတန်နိုင်ငံ၏ တရားဝင်အမည်မှာ ဘူတန်ဘုရင့်နိုင်ငံ (Kingdom of Bhutan) ဖြစ်ပြီး ဟိမဝန္တာတောင်တန်း၏ အရှေ့ဘက်စွန်းတွင် တည်ရှိသော တောင်အာရှရှိ ကုန်းတွင်းပိတ်နိုင်ငံငယ်လေးတစ်ခု ဖြစ်ပါတယ်။ မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိစပ်နေပြီး အရှေ့၊ အနောက်၊ တောင်ဘက်တို့တွင် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အနောက်ဘင်္ဂလားပြည်နယ်က ခြားထားသလို နီပေါနိုင်ငံကိုတော့ အိန္ဒိယပိုင် ဆစ်ကင်းပြည်နယ်က ခြားထားပါတယ်။


သမိုင်းကြောင်းနှင့် နိုင်ငံရေး

ဘူတန်သည် ၁၇ ရာစုနှစ် အစောပိုင်းအထိ စစ်ပဒေသရာဇ်နိုင်ငံငယ်လေးအဖြစ် တည်ရှိခဲ့ရာက တိဗက်လားမားနှင့် စစ်ခေါင်းဆောင် Shabdrung Ngawang Namgyal က တိုင်းပြည်ကို စည်းလုံးစေခဲ့ပါတယ်။ ၂၀ ရာစု အစောပိုင်းတွင် ဗြိတိသျှအင်ပါယာလက်အောက် ကျရောက်ခဲ့ပြီး အိန္ဒိယ လွတ်လပ်ရေးရပြီးနောက် အိန္ဒိယ၏ လွှမ်းမိုးမှုအောက်သို့ ပြန်ရောက်ခဲ့ပါတယ်။ ရာစုနှစ်ပေါင်းများစွာ ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့ရာမှ ၂၀၀၈ ခုနှစ် မတ်လတွင် ပထမဆုံးသော ဒီမိုကရေစီရွေးကောက်ပွဲများကို ကျင်းပခဲ့ပါတယ်။

ဘူတန်သည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သလို တောင်အာရှနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအသင်း (South Asian Association for Regional Cooperation – SAARC) ၏ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ဧပြီလတွင် ၁၆ ကြိမ်မြောက် SAARC ကွန်ဖရင့်ကို ဘူတန်က လက်ခံကျင်းပပေးခဲ့ပါတယ်။


ပထဝီဝင်နှင့် ရာသီဥတု

ဘူတန်နိုင်ငံ၏ စုစုပေါင်း ဧရိယာသည် ၃၈,၈၁၆ စတုရန်းကီလိုမီတာ (၁၄,၉၈၇ စတုရန်းမိုင်) ရှိပြီး တနင်္သာရီတိုင်း၏ ထက်ဝက်ခန့် သို့မဟုတ် ရခိုင်ပြည်နယ်ခန့် ကျယ်ဝန်းပါတယ်။ အရှေ့မှ အနောက်သို့ မိုင် ၁၉၀ ရှည်လျားပြီး တောင်နှင့်မြောက် မိုင် ၉၀ ကျယ်ပါတယ်။ မြောက်လတ္တီတွဒ် ၂၆ ဒီဂရီမှ ၂၈ ဒီဂရီကြားနှင့် အရှေ့လောင်ဂျီတွဒ် ၈၉ ဒီဂရီမှ ၉၂ ဒီဂရီကြားတွင် တည်ရှိပါတယ်။

ဘူတန်နိုင်ငံ၏ မြေမျက်နှာသွင်ပြင်သည် တောင်ပိုင်းတွင် သမပိုင်း (subtropical) လွင်ပြင်များရှိပြီး မြောက်ပိုင်းတွင် မီတာ ၇၀၀၀ ကျော်မြင့်သော ထင်းရှူးတော (Sub-alpine) ဟိမဝန္တာကုန်းမြင့်ပိုင်းဒေသများ ပါဝင်ပါတယ်။ ဗြဟ္မပုတ္တရမြစ်၏ မြစ်လက်တက်များဖြစ်သော မားနတ်စ်မြစ် စသည့်မြစ်ငယ်များက ဘူတန်ကို တောင်မှမြောက်သို့ ဖြတ်သန်းစီးဆင်းပါတယ်။

ဘူတန်၏ ရာသီဥတုသည် ဒေသအလိုက် မြေမျက်နှာပြင် အနိမ့်အမြင့် ကွာခြားမှုကြောင့် ကွဲပြားပါတယ်။ ပျမ်းမျှ မိုးရေချိန် တစ်နှစ်လျှင် လက်မ ၂၀၀ မှ ၃၀၀ အထိ ရွာသွန်းပါတယ်။ တောင်တန်းများသည် သစ်တောများဖြင့် ဖုံးလွှမ်းနေပြီး အနိမ့်ပိုင်းတွင် ထင်းရှူးပင်၊ ဝက်သစ်ချပင်၊ သင်းဝင်ပင်များ ပေါက်ရောက်ကာ အမြင့်ပိုင်းတွင် ကွန်နီဖာထင်းရှူးပင်များ ပေါက်ရောက်ပါတယ်။ မြေပြန့်ဒေသ အလွန်နည်းပါးတာကြောင့် လယ်ယာစိုက်ပျိုးရေး အနည်းငယ်သာ လုပ်ကိုင်နိုင်ပါတယ်။ အဓိက စိုက်ပျိုးသီးနှံများမှာ စပါး၊ ဂျုံ၊ ပြောင်းဖူး၊ နှံစားပြောင်း၊ ရှရီမန်ဂျုံတို့ ဖြစ်ပါတယ်။


လူဦးရေနှင့် ယဉ်ကျေးမှု

ဘူတန်နိုင်ငံ၏ လူဦးရေမှာ ၆၉၁,၁၄၁ ဦး (၂၀၁၄ ခုနှစ်ခန့်မှန်းခြေအရ ၃၀၀,၀၀၀ ခန့်) ရှိပြီး အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါတယ်။ တရားဝင်ကိုးကွယ်ရာ ဘာသာမှာ ဝဇီရာယာနဗုဒ္ဓဘာသာ (Vajrayana Buddhism) ဖြစ်ပါတယ်။ ဟိန္ဒူဘာသာဝင် အနည်းငယ်လည်း နေထိုင်ကြပါတယ်။

ဘူတန်နိုင်ငံသူ နိုင်ငံသားအများစုမှာ ဘူတီးယားလူမျိုးများဖြစ်ပြီး တောင်ပိုင်းတွင် နီပေါလူမျိုး အနည်းငယ် နေထိုင်ကြပါတယ်။ ဘူတီးယားလူမျိုးများသည် အပင်ပန်းခံနိုင်ပြီး လုံ့လဝီရိယရှိကြပါတယ်။ လယ်ယာစိုက်ပျိုးရေးအပြင် နွား၊ မြင်း မွေးမြူရေးလုပ်ငန်းကိုလည်း လုပ်ကိုင်ကြပါတယ်။ မြို့တော်မှာ သင်ဖူ (Thimphu) ဖြစ်ပြီး နွေရာသီမြို့တော်မှာ တာရှီချိုဇွန်းမြို့ဖြစ်ကာ ဆောင်းရာသီမြို့တော်မှာ ပွန်နက်ခါးမြို့ ဖြစ်ပါတယ်။


လူမှုဘဝ

၂၀၀၆ ခုနှစ်တွင် Business Week မဂ္ဂဇင်းမှ ပြုလုပ်ခဲ့သော စစ်တမ်းများအရ ဘူတန်နိုင်ငံသည် အာရှနိုင်ငံများထဲတွင် အပျော်ရွှင်ဆုံးတိုင်းပြည်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အဋ္ဌမမြောက် အပျော်ရွှင်ဆုံးတိုင်းပြည်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။