ဗုဒ္ဓဂါယာ သည် အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်တွင် တည်ရှိပြီး ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ မြေမြတ်တစ်ခု ဖြစ်သည်။ ကာလကတ္တားမြို့မှ မီးရထားလမ်းဖြင့် ၂၉၂ မိုင် ကွာဝေးသော ဂါယာခရိုင်ထဲတွင် တည်ရှိပြီး ဂါယာမြို့မှ တောင်ဘက် ၇ မိုင်သာ ဝေးပါတယ်။ ဂါယာဘူတာမှ ဗုဒ္ဓဂါယာသို့ အငှားယာဉ်နှင့် မြင်းလှည်းတို့ဖြင့် လွယ်ကူစွာ သွားလာနိုင်ပါတယ်။
ရှေးယခင်က မဟန့်ခေါ် ဟိန္ဒူဘုန်းကြီးများ ကြီးစိုးခဲ့ရာ ဗုဒ္ဓဘာသာဝင် ဘုရားဖူးများအတွက် အခက်အခဲများ ရှိခဲ့သော်လည်း ယခုအခါတွင်မူ အိန္ဒိယပြည်ထောင်စုအစိုးရက ၁၉၄၉ ခုနှစ် ဘုရားကျောင်းကန် အက်ဥပဒေအရ ၁၉၅၃ ခုနှစ် မေလ ၂၈ ရက်နေ့မှစ၍ အုပ်ချုပ်ရေးအဖွဲ့ဖြင့် အုပ်ချုပ်လျက်ရှိပါတယ်။ ထို့အပြင် အစိုးရက ငွေကြေးများစွာ အကုန်အကျခံ၍ သာသနာ့အဆောက်အအုံများကို ပြင်ဆင်မွမ်းမံပေးထားပါတယ်။
ကမ္ဘာပေါ်ရှိ အယူဝါဒအသီးသီးတို့သည် မိမိတို့၏ ဘာသာရေးအရ မင်္ဂလာရှိသော မြေမြတ်များကို ရိုသေမြတ်နိုးစွာ သတ်မှတ်ကြစမြဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့သည်လည်း သဗ္ဗညုဘုရားရှင်နှင့် စပ်လျဉ်း၍ ထူးမြတ်သော မင်္ဂလာအောင်မြေအရပ်များကို သတ်မှတ်ထားပါတယ်။ ထိုအောင်မြေအရပ်များတွင်-
တို့ ပါဝင်ပါတယ်။ အဆိုပါ လေးဌာနသည် ဘုရားဖူးလာသူအပေါင်းတို့အား ဓမ္မသံဝေဂ ဖြစ်စေကာ နတ်ရွာသုဂတိသို့ လားရောက်စေတတ်သော ဌာနထူး ဌာနမြတ်များ ဖြစ်ကြသည်ဟု ဆိုပါတယ်။ ထိုဌာနလေးခုအနက် မဟာဗောဓိအောင်မြေအရပ်သည် အထူးမြတ် အလွန်ကဲဆုံး ဖြစ်ပါတယ်။ ကမ္ဘာဦးအခါ နိမိတ်ပြ ကြာရုံကြီးများသည် မဟာဗောဓိပင်နေရာမှ ပေါက်၍ မြေပြင်ပေါ်ထွန်းရာတွင်လည်း ဦးစွာပေါ်ထွန်းပြီး ကမ္ဘာပျက်ရာ၌လည်း နောက်ဆုံးမှ ပျက်သည်ဟု ကျမ်းဂန်များ၌ ပါရှိပါတယ်။ ထို့အပြင် ဗောဓိပင်နှင့် ပလ္လင်တော်နေရာသည် ပွင့်တော်မူသော ဘုရားရှင်တိုင်း မစွန့်အပ်သော သို့မဟုတ် လွှဲပြောင်းခြင်းမရှိသော အဝိဇဟိတဌာန လေးပါးတွင် တစ်ပါးအပါအဝင် ဖြစ်ပါတယ်။ ထိုကဲ့သို့သော ဗုဒ္ဓဘာသာဝင်တို့အဖို့ လွန်ကဲထူးမြတ်သော မဟာဗောဓိအောင်မြေ သို့မဟုတ် ဗောဓိပလ္လင်နှင့် ရွှေပလ္လင်တို့ တည်ရှိခဲ့သော နေရာဒေသပတ်ဝန်းကျင်ကို ဗုဒ္ဓဂါယာ ဟု ခေါ်ပါတယ်။
ဗုဒ္ဓဂါယာသည် ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ အထွတ်အမြတ်ဆုံး ဖြစ်ရခြင်းမှာ ထိုဒေသ၌ မြတ်စွာဘုရားသခင်သည် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိ၍ မာရ်ငါးပါးကို အောင်မြင်ခဲ့သော အောင်မြေဖြစ်သောကြောင့် ဖြစ်ပါတယ်။ ထိုအရပ်ကို မြန်မာတို့က ဗောဓိမဏ္ဍ သို့မဟုတ် ဗောဓိမဏ္ဍိုင် ဟု ခေါ်ဝေါ်ကြပါတယ်။ ဘုရားရှင်သည် ဘုရားအဖြစ်ကို ရရှိပြီးနောက်တွင် ထိုဒေသတဝိုက်ရှိ ဌာနခုနစ်ဌာနတွင် တစ်ဌာနလျှင် ခုနစ်ရက်စီ သတ္တသတ္တာဟ စံတော်မူခဲ့ပါတယ်။ ထိုဌာနတို့သည် ဗုဒ္ဓဂါယာ၌ အဓိကဖူးမြော်ဖွယ်ရာများတွင် ပါဝင်ကြပါတယ်။
အဓိကဌာနများအပြင် အလောင်းတော် ဆံတော်ပယ်ရာ အနော်မာသောင်ကမ်းနေရာ၊ ဒုက္ကရစရိယာ ၆ နှစ်ကျင့်ရာ ဥရုဝေဠတောတန်း (မဟာဗောဓိစေတီတော်မှ အရှေ့မြောက်ဘက် နေရဉ္စရာမြစ်၏ အရှေ့ဘက် ၆ မိုင်ခန့်)၊ သေနနိဂုံးရွာမှ သူဌေးသမီး သုဇာတာ ဃနာနို့ဆွမ်းချက်ရာဌာန၊ ဃနာနို့ဆွမ်းကို ဘုရားရှင် ဘုဉ်းပေးရာဌာန၊ နို့ဆွမ်းထည့်သော ရွှေခွက်ကို အဓိဋ္ဌာန်ဖြင့် မျှောရာဖြစ်သော နေရဉ္စရာမြစ် စသည်တို့ကိုလည်း အနီးပတ်ဝန်းကျင် တဝိုက်၌ လှည့်လည် ဖူးမြော်နိုင်ပါတယ်။
ဂေါတမမြတ်စွာဘုရားအလောင်းတော်ဖြစ်သော သိဒ္ဓတ္ထမင်းသား ကို လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ခန့် (ဘီစီ ၆၂၃) မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်သောကြာနေ့ နံနက် ၁ ချက်တီးအချိန် ဝိသာခါနက္ခတ်နှင့်စန်းအယှဉ်တွင် သက္ကတိုင်း ကပိလဝတ် (နီပေါနိုင်ငံ)ရှိ ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းမျိုးဖြစ်သော သုဒ္ဓေါဒနမင်းကြီးနှင့် မိဖုရားခေါင် သိရီမဟာမာယာမိဖုရားကြီးတို့မှ လုမ္ဗိနီအင်ကြင်းတော၌ ဖွားမြင်တော်မူခဲ့ပါတယ်။ ဘီစီ ၅၉၄ ခုနှစ် (သက်တော် ၂၉ နှစ်) မှ ဘီစီ ၅၈၈ ခုနှစ် (သက်တော် ၃၅ နှစ်) ၆ နှစ်တိုင်တိုင် တရားရှုမှတ်ခြင်း ကျင့်ကြံအားထုတ်ခဲ့ပြီးနောက် ဘီစီ ၅၈၈ ခုနှစ်၊ ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ဗောဓိပင်ရင်း၌ သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ လောကသုံးပါးတွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်လာခဲ့ပါတယ်။
မဟာဗောဓိပင်နှင့်တကွ သတ္တဌာနတို့ တည်ရှိရာနယ်မြေကို ဘုရားရှင်လက်ထက်တော်အခါက ဂါယာဟု မခေါ်သေးပေ။ ထိုစဉ်က ဂါယာဟူသည် သီးခြားဒေသတစ်ခု၏ အမည်သာဖြစ်သည်။ ဘုရားရှင် ပွင့်တော်မမူမီကပင် မဟာဗောဓိပင်နှင့် သုံးဂါဝုတ်ဝေးသောအရပ်၌ ဂါယာဟုခေါ်သောအရပ် သီးခြားရှိပါတယ်။ ဘုရားပရိနိဗ္ဗာန်ပြုပြီးနောက်တွင် ဂါယာနယ် ကျယ်ပြန့်လာကာ မဟာဗောဓိပင်ရှိသောအရပ်သည် ဂါယာနယ်အတွင်း ဝင်သွားပြီးလျှင် ဗုဒ္ဓဘုရားရှင် သဗ္ဗညုတရွှေဉာဏ်တော်ရခြင်းနှင့် စပ်လျဉ်းသော ဒေသတဝိုက်ကို ဗုဒ္ဓဂါယာ ဟု ခေါ်တွင်လာပါတယ်။ ဗုဒ္ဓဂါယာ၌ ဘုရားရှင် သဗ္ဗညုတဉာဏ်ရရှိခြင်းနှင့် စပ်လျဉ်းသော နေရာများတွင် အဓိကအထိမ်းအမှတ်များ စတင်စိုက်ထူခဲ့သူမှာ အသောက (သီရိဓမ္မာသောက) မင်းကြီး ဖြစ်ပါတယ်။
မဟာဗောဓိစေတီတော် သည် နှစ်ပေါင်း ၂၀၀၀ ကျော်ကြာခဲ့ပြီဖြစ်ပြီး သီရိဓမ္မာသောကမင်းကြီး နန်းစံ ၁၀ နှစ် ၁၁ နှစ်ခန့်တွင် စတင်တည်ထားသော ဘုရားရှင်ပွင့်တော်မူရာ အထိမ်းအမှတ်စေတီ ဖြစ်ပါတယ်။ သီရိဓမ္မာသောကမင်းကြီး၏နောက် ဗုဒ္ဓဘာသာဝင်မင်းများက ထပ်မံမွမ်းမံခဲ့ကြပြီး ဗြိတိသျှအစိုးရလက်ထက်တွင် မြန်မာဘုရင် မင်းတုန်းမင်း ၏ အလိုတော်အရ ဗြိတိသျှအစိုးရက မွမ်းမံပြင်ဆင်ပေးခဲ့ပါတယ်။ အိန္ဒိယအစိုးရလက်ထက်တွင် ဘုရားကျောင်းကန်အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်၍ မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်ပေးပါတယ်။ ထိုစေတီတော်ကြီးသည် ဉာဏ်တော်အမြင့် ပေ ၁၈၀ ခန့်ရှိပြီး အရင်းကားကာ အဖျားရှူးသော လေးထောင့်ပုံသဏ္ဌာန်ရှိ၍ ဗိသုကာလက်ရာ ထူးခြားကောင်းမွန်လှပါတယ်။ စေတီတော်သည် နှစ်ဆင့်ဖြစ်ပြီး အောက်ပိုင်းသည် ဂူကျောင်းပုံစံဖြစ်၍ အတွင်း၌ ရုပ်ပွားတော်တစ်ဆူ ကိန်းဝပ်လျက်ရှိကာ အပေါ်ပိုင်းသည် စေတီဖြစ်ပါတယ်။ စေတီ၏ ဖိနပ်တော်ထောင့်လေးထောင့်၌ စေတီမကြီး၏ ပုံသဏ္ဌာန်မျိုး အရံစေတီတစ်ဆူစီရှိပါတယ်။
၂၀၀၂ ခုနှစ်တွင် မဟာဗောဓိစေတီကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင် ဘုရားဖူးများ ဗုဒ္ဓဂါယာ၌ အဓိကဖူးမြော်ကြသော မဟာဗောဓိပင် သည် ပေတစ်ရာခန့် မြင့်ပါတယ်။ မဟာဗောဓိစေတီ၏ အနောက်ဘက်တွင် ရှိပြီး မြတ်စွာဘုရားသခင်၏ ဖွားဖက်တော်တစ်ပါးဖြစ်၍ သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိခဲ့ရာဖြစ်သည့် မူလဗောဓိပင်ကား မဟုတ်ပေ။ သမိုင်းများအဆိုအရ ဟိန္ဒူဘုရင် သသင်္က သည် ထိုဗောဓိပင်ကို ခုတ်လှဲဖျက်ဆီးခဲ့ပါတယ်။ သို့သော် ထိုမဟာဗောဓိပင်၏ အမြစ်နေရာမှပင် ဗောဓိပင်တစ်ပင် ပြန်ပေါက်လာခဲ့ပါတယ်။ ထိုဗောဓိပင်သည်လည်း ၁၈၇၀ ပြည့်နှစ်တွင် အပင်လဲသွားရာ ထိုအချိန်က မဟာဗောဓိစေတီအား ဗြိတိသျှအစိုးရအမိန့်ဖြင့် ပြင်ဆင်မွမ်းမံလျက်ရှိသော ဆာအယ်လက်ဇန္ဒား ကန္နင်ဂမ် (Sir Alexander Cunningham) က မူလဗောဓိပင်နေရာ၌ လဲကျသွားသော ပင်မကြီးမှ အကိုင်းတစ်ကိုင်းကို ပြန်၍စိုက်ပျိုးထားခဲ့ရာ ယခုဖူးတွေ့ရသည့် မဟာဗောဓိပင်သည် ထိုဗောဓိပင်ပွား ဖြစ်ပါတယ်။
ဗုဒ္ဓဂါယာသည် ဂါယာမြို့မှ ၁၂ ကီလိုမီတာခန့်အကွာတွင် တည်ရှိပြီး ဂါယာနှင့် ဗုဒ္ဓဂါယာကို NH83 အဝေးပြေးလမ်း ဖြင့် ဆက်သွယ်ထားပါတယ်။ ပတ္တနမြို့မှ ဗုဒ္ဓဂါယာသို့ သွားလာရန် ပြည်နယ်ခရီးသွားလုပ်ငန်းဌာနမှ စီစဉ်ပေးထားပါတယ်။ ကာလကတ္တားမြို့မှ ဂါယာသို့ ပုံမှန်ရထားနှင့် ဘတ်စ်ကားများဖြင့်လည်း သွားလာနိုင်ပါတယ်။ ပတ္တနမြို့နှင့် ဗုဒ္ဓဂါယာကို ပြေးဆွဲသည့် Wonder on Wheel ဟု ခေါ်သော အထူးယာဉ်များကိုလည်း ဗီဟာခရီးသွားလုပ်ငန်းမှ စီစဉ်ပေးထားပါတယ်။
ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားဆုံးနေရာဖြစ်သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ မဟာဗောဓိစေတီနှင့် အနီးတဝိုက်တွင် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ တနင်္ဂနွေနေ့ မနက် ၆ နာရီနီးပါးတွင် အကြမ်းဖက်သမားများ၏ ဗုံးပေါက်ကွဲမှု ၄ ခု ဆက်တိုက် ဖြစ်ခဲ့ပါတယ်။ မဟာဗောဓိစေတီ အနီးဝန်းကျင်ရှိ နေရာများတွင်လည်း နောက်ထပ် ဗုံး ၅ လုံးခန့် ထပ်မံပေါက်ကွဲခဲ့ပါတယ်။ ဗုံးများသည် ချိန်ကိုက်ဗုံးများဖြစ်ပြီး တစ်လုံးနှင့်တစ်လုံး ၅ မိနစ်ခန့် ခြားကာ ပေါက်ကွဲခဲ့သည်ဟု ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် မြန်မာဆရာတော်တစ်ပါး၊ တိဘက်ဘုန်းတော်ကြီးတစ်ပါးနှင့် ဒေသခံ ၅ ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။ မပေါက်ကွဲသေးသော နောက်ထပ် ဗုံး ၂ လုံးကိုလည်း ဗုဒ္ဓဂါယာနယ်မြေထဲတွင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အိန္ဒိယအစိုးရမှ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုတစ်ခု ဖြစ်ကြောင်း ဖော်ပြလိုက်ပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) က ဤပေါက်ကွဲမှုအပေါ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဒီ (Sonia Gandhi) နှင့် သီရိလင်္ကာနိုင်ငံသမ္မတ မာဟင်ဒါ ရာဂျာပက်ခ် (Mahinda Rajapaksa) တို့ကလည်း ဗုဒ္ဓဂါယာ မဟာဗောဓိစေတီအနီးတဝိုက် ဗုံးပေါက်ခွဲ အကြမ်းဖက်မှုအပေါ် “cowardly attack” (သူရဲဘောကြောင်သော တိုက်ခိုက်မှု) အဖြစ် ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ ဗုံးပေါက်ကွဲအကြမ်းဖက်မှုများ ဖြစ်ခဲ့ပြီးနောက်တစ်နေ့ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ဂါယာက ဈေးဆိုင်များအားလုံး ပိတ်ထားခဲ့ကြပါတယ်။