ကိုလ်ကတ္တားမြို့ (Kolkata) သည် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးမြို့များထဲမှ တစ်မြို့ဖြစ်ပြီး ဂင်္ဂါမြစ် ၏ အနောက်ဘက်ဆုံးမြစ်ခွဲဖြစ်သော ဟူဂလီမြစ် ကမ်းပေါ်တွင် တည်ရှိသည်။ ဘင်္ဂလားပင်လယ်အော်မှ ၈၆ မိုင်ခန့် ကွာဝေးသော်လည်း နက်ရှိုင်းကောင်းမွန်သည့် ဆိပ်ကမ်းကြောင့် ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ပါတယ်။
ဂင်္ဂါမြစ်ဝှမ်းနှင့် ဗြဟ္မပုတ္တရမြစ်ဝှမ်းတို့မှ ထွက်ရှိသော ဝါ၊ ဂုံလျှော်၊ ဘိန်း၊ စပါး၊ လက်ဖက်ခြောက်၊ သကြား၊ ပိုးထည်၊ သားရေစိမ်း စသည့် ကုန်စည်များသည် မြစ်လမ်း၊ တူးမြောင်းလမ်းနှင့် မီးရထားလမ်းကြီး ၃ ခုတို့မှတစ်ဆင့် ကိုလ်ကတ္တားသို့ စုရုံးရောက်ရှိလာကြပါတယ်။ မြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်တွင် ဝါစက်၊ ဂုံလျှော်စက်၊ သကြားစက် စသည့် စက်ရုံကြီးများလည်း ရှိပါတယ်။
ဟူဂလီမြစ်ကမ်းတစ်လျှောက်ရှိ ၁၀ မိုင်ခန့်ရှည်လျားသော ကမ်းကပ်ဆိပ်များနှင့် သင်္ဘောကျင်းများသည် မြစ်ကြောင်းသွားလှေ၊ သင်္ဘောငယ်များနှင့် ပင်လယ်ကူးသင်္ဘောကြီးများအတွက် ကုန်စည်ဖလှယ်ရာ အချက်အချာ ဆိပ်ကမ်းကြီးသဖွယ်ဖြစ်ပါတယ်။ ထိုအချက်များကြောင့် ကိုလ်ကတ္တားသည် အိန္ဒိယနိုင်ငံ၏ အဓိကတံခါးမကြီးတစ်ခုဖြစ်ရုံသာမက ကမ္ဘာ့ရောင်းဝယ်ရေးတွင်လည်း အထူးထင်ရှားလျက်ရှိပါတယ်။
တစ်ဖက်ကမ်းရှိ ဟောင်ရာမြို့ သို့ ပေပေါင်း ၁၅၃၀ ရှည်လျားသည့် ဗေါ့ခံတံတားကြီး ကို တည်ဆောက်ထားပြီး ထိုတံတားသည် အရှေ့ဖျားနိုင်ငံများတွင် အစည်ကားဆုံး တံတားများထဲမှ တစ်ခုဖြစ်သည်ဟု ဆိုကြပါတယ်။ လက်ရှိတွင် ဟောင်ရာမြို့သည် ကိုလ်ကတ္တား၏ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်ပြီး စက်မှုလုပ်ငန်းများ ထွန်းကားလျက်ရှိပါတယ်။
ကိုလ်ကတ္တားသည် ၁၉၁၂ ခုနှစ်အထိ ဗြိတိသျှအိန္ဒိယ၏ မြို့တော်ဖြစ်ခဲ့ပါတယ်။ ရှေးဟောင်းမြို့ကြီးဖြစ်သည့်အားလျော်စွာ လမ်းများသည် ဖြောင့်တန်းခြင်းမရှိဘဲ ကွေ့ကောက်သည်က များပါတယ်။ ဆင်ခြေဖုံးရပ်ကွက်များရှိ လမ်းများမှာ ကျဉ်းမြောင်းညစ်ပတ်နေတတ်သော်လည်း မိုင်ဒန်ကွင်း အရှေ့ဘက်ရှိ ဥရောပတိုက်သားများ နေထိုင်ရာရပ်ကွက်မှာမူ သန့်ရှင်းသပ်ရပ်ပြီး ခမ်းနားထည်ဝါသော တိုက်အိမ်ကြီးများဖြင့် သားနားလှပါတယ်။
မိုင်ဒန်ကွင်းကြီး၏ အလယ်တွင် ဖို့ဝီလျံ ခေါ် ရှေးဟောင်းခံတပ်ကြီးရှိပြီး ၁၇၅၇ ခုနှစ်တွင် စစ်ဗိုလ်ချုပ် လော့ကလိုက် (Lord Clive) က ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့ရာ ၁၇၇၃ ခုနှစ်တွင်မှ ပြီးစီးခဲ့ပါတယ်။ ခံတပ်၏မြောက်ဘက်တွင် အစိုးရအိမ်တော်တည်ရှိပြီး တောင်ဘက်တွင် ကသီဒရယ်ဘုရားရှိခိုးကျောင်းကြီး၊ မြင်းပြိုင်ကွင်းနှင့် ဝိတိုရိယဘုရင်မကြီး အထိမ်းအမှတ် ခန်းမဆောင်ကြီး (ဝိတိုရိယပြတိုက်) တို့ တည်ရှိကြပါတယ်။
ကိုလ်ကတ္တားမြို့၏ အလယ်တွင် တက္ကသိုလ်ကျောင်းတိုက် တည်ရှိပြီး အပေါင်းပါ ကောလိပ်ပေါင်း ၈၀ ကျော်နှင့် ကျောင်းသားပေါင်း ၄၀,၀၀၀ ကျော်ရှိတာကြောင့် ကမ္ဘာပေါ်တွင် ကျောင်းသားအရေအတွက် အများဆုံး တက္ကသိုလ်များထဲမှ တစ်ခုဖြစ်ပါတယ်။ တိုင်းရင်းသားရပ်ကွက်များတွင် အိန္ဒိယစော်ဘွားများ၏ ခမ်းနားသော နန်းတော်အနည်းငယ်လည်း ရှိပါတယ်။
၁၉၅၁ ခုနှစ် စာရင်းအရ ဟောင်ရာမြို့နှင့် ဆင်ခြေဖုံးရပ်ကွက်များကိုပါ စုပေါင်းရေတွက်သော ကိုလ်ကတ္တားမြို့၏ လူဦးရေမှာ ၃,၄၉၀,၂၈၁ ဖြစ်ပါတယ်။
ကိုလ်ကတ္တားမြို့ကို အရှေ့အိန္ဒိယကုမ္ပဏီ၏ ကိုယ်စားလှယ်ချုပ် ဂျော့ဘ်ချားနော့ (Job Charnock) က ၁၆၈၆ ခုနှစ်တွင် တည်ထောင်ပြီး အခြေစိုက်ခဲ့ပါတယ်။ ၁၆၉၆ ခုနှစ်တွင် ဖို့ဝီလျံခံတပ်ကြီး တည်ဆောက်ပြီးမှသာ မြို့၏ အခြေအနေ တိုးတက်လာခဲ့ပါတယ်။
၁၇၅၆ ခုနှစ်တွင် ဘင်္ဂလားပြည်နယ် နာဝပ်စော်ဘွား စူးရာဂျွတ်ဒေါင်လာ (Siraj-ud-Daulah) သည် ဖို့ဝီလျံခံတပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ထိုတိုက်ပွဲအတွင်း အင်္ဂလိပ်လူမျိုး ၁၄၆ ယောက်ကို အလျား ၁၈ ပေ၊ အနံ ၁၄ ပေသာရှိသော အလုံပိတ်ထောင်ကလေးအတွင်း ထည့်သွင်းပိတ်လှောင်ခဲ့ရာ ပူအိုက်သောနွေရာသီညဖြစ်၍ နောက်တစ်နေ့တွင် အကျဉ်းသား ၂၃ ယောက်သာ အသက်ရှင်ခဲ့ပါတယ်။ ထိုနေရာကို နောင်တွင် “သေတွင်း” ဟု ခေါ်တွင်ခဲ့ပါတယ်။
၁၇၅၇ ခုနှစ်တွင် လော့ကလိုက်သည် ထိုနေရာကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပြီး ဖို့ဝီလျံခံတပ်သစ်နှင့် မိုင်ဒန်ကွင်းကြီးကို တည်ဆောက်ဖွင့်လှစ်ကာ မြို့သစ်တည်ခဲ့ပါတယ်။ အိန္ဒိယပြည်၏ ပထမဘုရင်ခံချုပ် ဝေါ်ရန်ဟေးစတင်း (Warren Hastings) သည် ၁၇၇၂ ခုနှစ်တွင် ကိုလ်ကတ္တားမြို့ကို အစိုးရရုံးစိုက်ရာမြို့တော်အဖြစ် ပြုလုပ်ခဲ့ရာ ၁၉၁၂ ခုနှစ်တွင် ဒေလီမြို့ကို မြို့တော်အဖြစ် ပြောင်းလဲရွေးချယ်လိုက်သည့်တိုင်အောင် ကိုလ်ကတ္တားသည် အိန္ဒိယ၏ မြို့တော်ဖြစ်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့သည် မြန်မာပြည်တိုက်ပွဲ ဆင်နွှဲရန် ကိုလ်ကတ္တားမြို့ကို အခြေခံစခန်းအဖြစ် အသုံးပြုခဲ့ကြရာ ဂျပန်တို့က အကြိမ်ကြိမ် ဗုံးကြဲခဲ့သော်လည်း ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိခဲ့ပါဘူး။ ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံကို ဒိုမီနီယံနိုင်ငံ ၂ ခုအဖြစ် ခွဲလိုက်သောအခါ ကိုလ်ကတ္တားမြို့သည် အိန္ဒိယဒိုမီနီယံနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ထဲသို့ ပါဝင်ခဲ့ပါတယ်။