Soe San Myint Travel & Tours

နီပေါနိုင်ငံ- ဟိမဝန္တာ၏ ရင်ခွင်မှ ကုန်းတွင်းပိတ်နိုင်ငံ

ခရီးသွားခြင်းဆိုင်ရာ ဆောင်းပါး
Soe San Myint Travel & Tours
29 Jul, 2025

နီပေါနိုင်ငံ- ဟိမဝန္တာ၏ ရင်ခွင်မှ ကုန်းတွင်းပိတ်နိုင်ငံ

နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ (Nepali: सङ्घीय लोकतान्त्रिक गणतन्त्र नेपाल) သည် တောင်အာရှရှိ ကုန်းတွင်းပိုင်းနိုင်ငံ တစ်ခုဖြစ်သည်။ နီပေါနိုင်ငံသည် ဟိမဝန္တာတောင်တန်းဒေသ တွင် တည်ရှိပြီး မြောက်ဘက်တွင် တရုတ်နိုင်ငံနှင့် နယ်မြေခြင်းထိစပ်လျက်ရှိကာ တောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်တွင်မူ အိန္ဒိယနိုင်ငံက ဝန်းရံထားသည်။ နီပေါနိုင်ငံသည် ၁၄၇,၁၈၁ စတုရန်း ကီလိုမီတာ (၅၆,၈၂၇ စတုရန်းမိုင်) ကျယ်ဝန်းပြီး ကမ္ဘာပေါ်တွင် ဧရိယာအားဖြင့် ၉၃ ဖြစ်ပါတယ်။ လူဦးရေမှာ သန်း ၃၀ ခန့်ရှိပြီး ကမ္ဘာပေါ်တွင် ၄၁ မြောက် လူဦးရေအထူအထပ်ဆုံး နိုင်ငံဖြစ်ပါတယ်။ နီပေါ၏မြို့တော်မှာ ခတ္တမန္ဒုမြို့ ဖြစ်ပြီး နိုင်ငံ၏အကြီးဆုံးမြို့လည်း ဖြစ်ပါတယ်။


ပထဝီဝင်

နီပေါနိုင်ငံသည် ကမ္ဘာပေါ်ရှိ အမြင့်ဆုံးတောင်ကြီး ၁၀ လုံးအနက် ၅ လုံး တည်ရှိရာဒေသဖြစ်ပါတယ်။ ထိုတောင်များတွင် ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သော ဧဝရတ်တောင် နှင့် ကန်ချင်ဂျွန်းဂါးတောင် တို့ ပါဝင်ပါတယ်။

  • ၁၉၅၃ ခုနှစ် မေလ ၂၉ ရက်နေ့တွင် နယူးဇီလန်နိုင်ငံသား (နောင်တွင် ဆာဘွဲ့ရ) အက်ဒ်မန် ဟစ်လာရီ (Edmund Hillary) နှင့် နီပေါလူမျိုး တင်ဇင်နော်ကေး (Tenzing Norgay) တို့သည် ဧဝရတ်တောင်ထိပ်ကို ပထမဆုံးအကြိမ် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြပါတယ်။
  • ၁၉၅၄ ခုနှစ် မေလ ၂၅ ရက်နေ့၌မူ အင်္ဂလိပ်လူမျိုး ဒေါက်တာ ချားလ်စ် အီဗန် (Dr. Charles Evans) သည် ကန်ချင်ဂျွန်းဂါးတောင်ထိပ်ကို ရောက်အောင်တက်ခဲ့ပါတယ်။

နီပေါနိုင်ငံ၏တောင်ပိုင်းတွင် ကျယ်ပြန့်၍ မြေဩဇာကောင်းမွန်သော လွင်ပြင်ကြီးရှိသဖြင့် အဓိကအားဖြင့် လယ်ယာစိုက်ပျိုးသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဆန်စပါး၊ လက်ဖက်၊ ကြံ၊ ဆေးနှင့် ဝါများကို စိုက်ပျိုးကြပြီး အနည်းငယ်မြောက်ဘက်ကျသော အရပ်ဒေသတို့၌မူ မုယောစပါး၊ ပြောင်း၊ ဂျုံစသော ကောက်ပဲသီးနှံတို့ကို စိုက်ပျိုးကြပါတယ်။ နီပေါနိုင်ငံမြောက်ပိုင်းရှိ တောင်စောင်းများ၌ လှေခါးထစ်များသဖွယ်ပြုလုပ်ကာ တောင်ကျချောင်းများမှ ရေသွင်းစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ မြက်ခင်းစားကျက်များ ရှားပါးလှသော်လည်း သိုးကို အတော်အသင့်မွေးမြူကြပြီး ထိုသိုးများမှ ရရှိသော သိုးမွေးသည် နာမည်ကျော်ကြားပါတယ်။

နီပေါနိုင်ငံရှိ တောင်စောင်းများ၌ ပေါက်ရောက်နေသော သစ်တောတို့သည် ယနေ့တိုင် လူတို့ ထုတ်လုပ်သုံးစွဲခြင်းမပြုရသေးသော သစ်တောများဖြစ်ပါတယ်။ ထို့ပြင် နီပေါနိုင်ငံသည် သံ၊ ကျောက်မီးသွေး၊ ကြေးနီ၊ ခဲ၊ သွပ်စသော ဓာတ်သတ္တုများ ပေါကြွယ်ဝလှသော်လည်း ယင်းတို့ကို ထိရောက်စွာ တူးဖော်လုပ်ကိုင်နိုင်ခြင်းမရှိသေးပါဘူး။ နီပေါနိုင်ငံတွင် ဂုန်လျှော်စက်အနည်းငယ်ရှိသည်ကလွဲ၍ စက်မှုလက်မှုလုပ်ငန်းများ မရှိသလောက်ပင် ဖြစ်ပါတယ်။

ခတ္တမန္ဒုမြို့တော်သည် လူဦးရေ ၁၀၉,၀၀၀ ခန့်ရှိပြီး အခြားမြို့ကြီးများမှာ ပါထန်မြို့ နှင့် ဘတ်ဂါအွန်မြို့ တို့ ဖြစ်ကြပါတယ်။ ခတ္တမန္ဒုမြို့တော်သို့ ခရီးသည်များသည် ခတ္တမန္ဒုတောင်ကြားကို ဖြတ်၍ ဝင်ရောက်နိုင်ပါတယ်။ ဥမှေတီးရဟွတ်သို့သွားသော မီးရထားလမ်းဆုံ၊ ရက်ကဇောမြို့မှနေ၍ လမ်းမကြီးတစ်ခုကို ထိုတောင်ကြားတစ်လျှောက် ဖောက်လုပ်ထားပါတယ်။ ၁၉၂၇ ခုနှစ်တွင် ရက်ကဇောမှ အမ္မလက်ဂန့်ဂျ်သို့ မီးရထားလမ်းဖောက်လုပ်ပြီး ၁၉၅၃ ခုနှစ်၌ ခတ္တမန္ဒုမြို့နှင့် အိန္ဒိယနိုင်ငံတို့ကို ဆက်သွယ်ရန် ၇၉ မိုင်ခန့်ရှည်လျားသော လမ်းမကြီးတစ်ခု ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။


လူမှုရေးနှင့် ယဉ်ကျေးမှု

နီပေါနိုင်ငံသည် စစ်သားကောင်းအဖြစ် အထူးနာမည်ကျော်ကြားသော ဂေါ်ရခါးလူမျိုးများ နေထိုင်ရာ တိုင်းပြည်ဖြစ်ပါတယ်။ ဂေါ်ရခါးလူမျိုးများမှာ လူများစုဖြစ်ပြီး ပူးရမ်း၊ မဂါး၊ မူးရမစ်၊ နီဝါး၊ လင်လူး၊ လက်ပချား စသည့်လူမျိုးများလည်း ရှိသေးပါတယ်။ ဂေါ်ရခါးဆိုသောအမည်သည် ၎င်းတို့မူလအစနေထိုင်ခဲ့ရာ ဂိုရက်ပူမြို့ ကို အစွဲပြု၍ ခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ ထို့ပြင် လူများစုသည် ဟိန္ဒူဘာသာဝင် နှင့် ဗုဒ္ဓဘာသာဝင် များ ဖြစ်ကြပါတယ်။


အုပ်ချုပ်ရေးနှင့် နိုင်ငံရေးသမိုင်း

နီပေါနိုင်ငံတွင် လူမျိုးစုအသီးသီးရှိကာ၊ နယ်ပယ်အကွဲကွဲအပြားပြားဖြစ်နေခဲ့ရာ ၁၇၈၉ ခုနှစ်၌ ဂေါ်ရခါးတို့သည် နီပေါနိုင်ငံတွင် အာဏာရှိလူများစုဖြစ်လာပါတယ်။ ၁၈၁၄ ခုနှစ်၌ ဂေါ်ရခါးတို့သည် ဗြိတိသျှတို့နှင့် စစ်ပွဲတစ်ပွဲကို တိုက်ခိုက်ခဲ့၍ ၁၈၅၄ ခုနှစ်၌ တိဗက်နိုင်ငံနှင့် ၂ နှစ်ကြာမျှ စစ်ပွဲဆင်နွှဲခဲ့ရပါတယ်။ ထိုနောက်တွင် နီပေါနိုင်ငံသည် ဗြိတိသျှတို့နှင့် မဟာမိတ်အဖြစ် မြဲမြံစွာ ဆက်ဆံလာခဲ့ပါတယ်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေးစနစ်လွှမ်းမိုးလာသောအခါ နီပေါနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်သည် သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့ပြီး နိုင်ငံအနှံ့အပြား၌ တရားမရုံးများနှင့် ရာဇဝတ်ရုံးများကို တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။

၁၉၂၃ ခုနှစ်၌ ဗြိတိသျှတို့သည် နီပေါနိုင်ငံကို လုံးဝလွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ ၁၈၆၇ ခုနှစ်၌ သူကောင်းများက ဘုရင်အား အာဏာစွန့်လွှတ်စေ၍ “ရာနာ” ဆွေမျိုးစုခေါင်းဆောင်ကြီး အား အုပ်ချုပ်ရေးအာဏာများကို ပေးအပ်ကာ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့သည့်အချိန်မှစ၍ နီပေါနိုင်ငံ၌ ဝန်ကြီးချုပ်ရာထူးသည် ရာနာဆွေမျိုးစုအတွက် ရိုက်ရာခံရာထူးဖြစ်လာခဲ့ပါတယ်။ ထို့ပြင် ဝန်ကြီးချုပ်သည် ဂေါ်ရခါးတပ်မတော်၏ သေနာပတိချုပ်လည်းဖြစ်ပြီး ဘုရင်တို့ကား နိုင်ငံ၏အထွတ်အထိပ်ဖြစ်သည်ဟူသော အထိမ်းအမှတ်သဖွယ်မျှသာရှိလာပါတယ်။

ယင်းသို့ ရာနာဆွေမျိုးစုသည် နီပေါနိုင်ငံတွင် အုပ်စီးကာ အုပ်ချုပ်လာခဲ့ရာ ၁၉၅၀ ပြည့်နှစ်၌ စတင်ခဲ့သော တော်လှန်ရေးကြီးအပြီးတွင် ရာနာဆွေမျိုးစုသည် ဝန်ကြီးချုပ်ရာထူးကို စွန့်လွှတ်လိုက်ရပါတယ်။ နီပေါဘုရင်သည်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အုပ်ချုပ်ရသော ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်။


စီးပွားရေး

နီပေါနိုင်ငံ၏ ထွက်ကုန်များမှာ ကောက်သီးကောက်နှံများ (ဆန်စပါး၊ ပြောင်း၊ ဂျုံ၊ မုယော)၊ ဂုံလျှော်၊ သစ်၊ ဆီစေ့၊ ထောပတ်၊ အာလူး၊ ဘယဆေးပင်များ၊ သားရေနှင့် ကျွဲနွားများဖြစ်ပါတယ်။ သွင်းကုန်များမှာ အထည်အလိပ်၊ စီးကရက်၊ ဆား၊ ဓာတ်ဆီ၊ ရေနံဆီ၊ သကြား၊ ဆေးဝါးများ၊ စက်ကိရိယာများ၊ ဖိနပ်များ၊ စက္ကူ၊ ဘိလပ်မြေ၊ သံနှင့် သံမဏိ၊ လက်ဖက်ခြောက်တို့ ဖြစ်ကြပါတယ်။


ပညာရေး

၁၉၅၅ ခုနှစ်တွင် နီပေါနိုင်ငံ၌ အင်္ဂလိပ်စာသင်ကျောင်း ၁၀၂၈ ကျောင်း၊ သက္ကတစာသင်ကျောင်း ၂၄၃ ကျောင်း၊ အခြေခံစာသင်ကျောင်း ၄၉ ကျောင်း၊ ဘွဲ့ရကောလိပ်ကျောင်း ၇ ကျောင်း၊ ဥပစာကောလိပ်ကျောင်း ၇ ကျောင်းနှင့် အခြားကျောင်း ၇ ကျောင်းရှိခဲ့ပါတယ်။ နိုင်ငံတွင်းရှိ လူဦးရေ၏ ၆ ရာခိုင်နှုန်းခန့်သာလျှင် စာရေးစာဖတ်တတ်သေးသည်ဟု သိရပါတယ်။