ရာဇဂြိုဟ်ပြည် (ပါဠိ: Rājagaha) သည် အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ နာလန္ဒာခရိုင်တွင် တည်ရှိသော သမိုင်းဝင်မြို့တစ်မြို့ ဖြစ်သည်။ ရှေးအခါက မဇ္ဈိမတိုင်း၏ မာဂဓတိုင်း၏ ပထမဆုံးမြို့တော်ဖြစ်ခဲ့ပြီး ဗုဒ္ဓဘာသာနှင့် ဂျိန်းဘာသာတို့အတွက် အထင်ကရနေရာတစ်ခုအဖြစ် ထင်ရှားသည်။ ဘီစီ ၁၀၀၀ ခန့်က ကြွေထည်ပစ္စည်းများ တူးဖော်ရရှိခဲ့ခြင်းကြောင့် မြို့တည်ထောင်သည့်နှစ် အတိအကျမသိရသော်လည်း သမိုင်းရှည်ကြာပြီဟု ခန့်မှန်းရသည်။ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ပထမအကြိမ် သင်္ဂါယနာတင်ခြင်း ကို အဇာတသတ်မင်းကြီး၏ ပံ့ပိုးမှုဖြင့် အရှင်မဟာကဿပ ဦးဆောင်၍ ရာဇဂြိုဟ်၌ ကျင်းပခဲ့ပါသည်။
ရာဇဂြိုဟ်သည် တောင်များဝိုင်းရံထားသော တောင်ကြားဒေသတွင် တည်ရှိသည်။ ရေပူစမ်းများပေါများခြင်းကြောင့် ကျန်းမာရေးနှင့် ဆောင်းရာသီ အနားယူရန် ကောင်းမွန်သောနေရာအဖြစ် စည်ကားခဲ့သည်။ အဆိုပါရေပူစမ်းများတွင် ရေချိုးခြင်းဖြင့် အရေပြားရောဂါများ ပျောက်ကင်းသည်ဟု ယုံကြည်ကြသည်။ ဝေဘာရတောင် ရှိ သတ္တပဏ္ဏိလိုဏ်ဂူ သည် ရာဇဂြိုဟ်ရေပူစမ်းများ၏ မြစ်ဖျားခံရာဖြစ်ပြီး ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာနှင့် ဟိန္ဒူဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ နေရာတစ်ခုလည်းဖြစ်သည်။ အခြားထင်ရှားသောနေရာမှာ ရတနာဂီရိတောင် ဖြစ်ပြီး တောင်ထိပ်တွင် ဂျပန်နိုင်ငံမှ တည်ထားသော ကမ္ဘာ့ငြိမ်းချမ်းရေးစေတီ နှင့် ဘုန်းကြီးကျောင်းများ တည်ရှိသည်။
ရာဇဂြိုဟ်၏ အပူချိန်သည် နွေရာသီတွင် အမြင့်ဆုံး ၄၀°C နှင့် အနိမ့်ဆုံး ၂၀°C ခန့်ရှိပြီး ဆောင်းရာသီတွင် အမြင့်ဆုံး ၂၈°C နှင့် အနိမ့်ဆုံး ၆°C ခန့် ရှိသည်။ မိုးရေချိန်မှာ ဇွန်လလယ်မှ စက်တင်ဘာလလယ်အထိ ၁,၈၆၀ မီလီမီတာ ဖြစ်ပြီး အောက်တိုဘာလမှ မတ်လအထိမှာ ပူနွေးခြောက်သွေ့သော ရာသီဥတု ဖြစ်သည်။
၂၀၁၁ ခုနှစ် အိန္ဒိယနိုင်ငံ သန်းခေါင်စာရင်းအရ ရာဇဂြိုဟ်၏ လူဦးရေမှာ ၄၁,၅၈၇ ယောက်ရှိပြီး အမျိုးသား ၅၄% နှင့် အမျိုးသမီး ၄၇% ပါဝင်သည်။ ပျမ်းမျှစာတတ်မြောက်မှုနှုန်းမှာ ၅၂% ဖြစ်ပြီး အမျိုးသား ၆၁%၊ အမျိုးသမီး ၄၁% တို့ စာတတ်မြောက်ကြသည်။ လူဦးရေ၏ ၁၉% မှာ အသက် ၆ နှစ်အောက် ကလေးများ ဖြစ်သည်။
ရာဇဂြိုဟ်သည် သမိုင်းကြောင်းအရ အင်ပါယာများ၏ မြို့တော်ဖြစ်ခဲ့ခြင်းကြောင့် ခရီးသွားများကို ဆွဲဆောင်နိုင်သော နေရာများစွာရှိသည်။ ထင်ရှားသော နေရာများမှာ-
ရာဇဂြိုဟ်သည် သာဝတ္ထိပြီးလျှင် ဗုဒ္ဓဘာသာ သာသနာအတွက် အလွန်အရေးပါသော နေရာဌာနတစ်ခု ဖြစ်ခဲ့သည်။ ဘုရားရှင်သည် ရာဇဂြိုဟ်၌ ၅ ဝါသီတင်းသုံးခဲ့ပြီး များစွာသော ဓမ္မဒေသနာတော်များကို ဟောကြားခဲ့သည်။